ကွတ်ခိုင်မြို့၊ မြို့မ အ-ထ-က‌ကျောင်း၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက်ခံရမှု မရှိစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကွတ်ခိုင် ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့မအထကကျောင်း၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ခံရမှု မရှိ‌စေရေး  အသိပညာပေး ဟောပြောပွဲ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင် ဒေါ်ဌေးဌေးဝင်းက ဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ယုယုသန်းက ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ စတင်ဖြစ်ပွားသည့်နေရာ၊ ရောဂါ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် ကူးစက်ခံရမှုမရှိစေရန်လိုအပ်သည့် ကြိုတင်ကာကွယ်နည်း အကြောင်းအရာများကို ဟောပြောရှင်းလင်းသည်။

ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်‌ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက  ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါအကြောင်း သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)