သပိတ်ကျင်း မတ် ၁၄
တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေစဉ်ကာလအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် စာစစ်ဌာနအနီး မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်ဦး ဦးစီးကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်များသို့သွားရောက်ပြီး မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိသော မီးသတ်ရေကန်များတွင် ရေဖြည့်တင်းထားရှိရေး စစ်ဆေးဆောင်ရွက်ခြင်း စာစစ်ဌာနအနီးရပ်ကွက်များ၊ ဌာနပိုင်ရုံးများ၊ စည်ပင်သာယာဈေး၊ စားသောက်ဆိုင်များ၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်း၊ ဒေသခံပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်းသွားရောက်ပြီး လျှပ်စစ်ဝါယာရှော့နှင့် မီးဖိုများမှ မီးကြွင်းမီးကျန်များမှ တစ်ဆင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြံပြုစစ်ဆေးခြင်းစသည်တို့ကို အရှိန်အဟုန်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)