ချမ်းအေးသာစံမြို့နယ်တွင်   ဘေးအန္တရာယ်စီမံခန့်ခွဲရေး(အခြေခံ)သင်တန်းဖွင့်လှစ်

ချမ်းအေးသာစံ   မတ်  ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ မန္တလေးတိုင်းအတွင်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေး(အခြေခံ)သင်တန်းကို မတ်လ ၁၃ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၇×၇၀ လမ်းထောင့် တိုင်းကျန်းမာရေးဝင်းအတွင်းရှိ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၊ အရေးပေါ် စီမံကွပ်ကဲရေးစင်တာ ခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းဆောင်၊ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် ကော်မတီဝင်များ  ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနမှ ဒေါ်အေးချမ်းခင်နှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ် (၇) မြို့နယ်မှ ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဒေါက်တာသိန်းထွန်းဆောင်မှ သင်တန်းအဖွင့် အမှာစကားပြောကြားပြီး ဒေါ်အေးချမ်းခင်မှ သင်တန်းနှင့်ပတ်သက်သည်များအား ရှင်းလင်း ပြောကြားကာ သင်တန်းအား ဆက်လက်ပို့ချခဲ့သည်။  အဆိုပါသင်တန်းသို့ မန္တလေးမြို့ပေါ် (၇)မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၀ ဦး တက်ရောက်ခဲ့ပြီး ၂ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်