ရပ်စောက် မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ရပ်စောက် မြို့နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူမှ အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်ခဲ့သည်မှာ (၃)နှစ် မြောက်ရှိပြီဖြစ်ကြောင်း၊ အားကစားသင်တန်းကို မတ်လ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ် (Myanmar Fitness Dance)၊ ဖူဆယ်၊ ဘောလုံး၊ ပြေးခုန်ပစ် စသည့် အားကစားနည်း (၆)နည်းဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ တက်ရောက် သည့် သင်တန်းသား (၃၀၀)ခန့်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အားကစား၏ အခြေခံနည်းစနစ်တွေကို တတ်ကျွမ်းပြီး အချိန်ကိုအကျိုးရှိစွာအသုံးချ တတ်စေရန် ရည်ရွယ်ပြီး နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားသင်တန်းနည်းပြတစ်ဦးက အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အားကစား သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ သင်တန်းသားများအား သင်တန်းဆင်းအားကစားအင်္ကျီနှင့် သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက အေရိုးဗစ်၊ မြန်မာ့သိုင်း စသည့်အားကစားနည်းများဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။
(ဆုမွန်)ပြန်/ဆက်