နမ့်စန်(တ) နိုဝင်ဘာ ၄
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ နိုဝင်ဘာလ ၃ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း ၃၀၅၄ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။
နမ့်စန်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးတွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်သူများနှင့် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများသည် သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များထံတွင် အောက်တိုဘာလ ၂၉ ရက်မှစတင်၍ ကြိုတင်ဆန္ဒမဲပေးနေကြခြင်းဖြစ်ပြီး အသက်(၆၀) နှစ်နှင့်အထက် ကျန်းမာရေးမကောင်း၍ ကြိုတင်မဲပေးရန် မလာရောက်နိုင်သူများကိုလည်း ကြိုတင်မဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် မဲဆန္ဒနယ် အမှတ်(၁) နှင့် အမှတ်(၂) တို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၉၂၃၆၄ ဦးပြီး စုစုပေါင်း မဲရုံ ၁၀၃ ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)