ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

ကျိုင်းတုံ မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာ (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ် ၁၅ ရက် က အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်းက ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ (မွမ်းမံ)သင်တန်းမှ သင်ကြားခဲ့သည့် သင်ခန်းစာများကို လက်တွေ့နှင့် ပေါင်းစပ်၍ အရည်အချင်းပြည့်ဝသည့် အရာရှိကောင်းများဖြစ်အောင် ကြိုးစား လုပ်ဆောင်သွားကြရန် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့များမှ ရဲအရာရှိ ၁၅ ဦး တက်ရောက်ပြီး မတ် ၄ ရက်မှ ၁၅ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)