မန္တလေး မတ် ၁၆
၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဇော်ဦး က စားသုံးသူကာကွယ်ရေးဥပဒေအရ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီမှုမရှိ သည့် ကုန်စည်များ၊ သက်ဆိုင်ရာ ဌာနများ၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်ကုန်စည်များ၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များစစ်ဆေးခြင်းတို့ကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး စစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip အား ကြည့်ရှုပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တက်ရောက်လာသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာစားသုံးသူများ အဖွဲ့ (Consumer InternationalCl) က သတ်မှတ်ထားသော ၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Rights Day) ဆောင်ပုဒ်မှာ မျှတအလေးမူတာဝန်ယူ၊ စားသုံးသူ အကျိုးပြုဉာဏ်ရည်တု (Fair and Responsible AI For Consumers) ဆောင်ပုဒ် ဖြစ်ကြောင်းနှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုသူများမှ အဖြေအများဆုံးမှန်သူ (၃)ဦးနှင့် နှစ်သိမ့်ဆု ရရှိသူ (၇)ဦးတို့အား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)