၂၀၂၄ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား မြို့တော်ခန်းမတွင်ကျင်းပ

ချမ်းအေးသာစံ မတ် ၁၆

 မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ( World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် မတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဝန်းကျင်များကို စဉ်ဆက်မပြတ် တိုးတက်စေရန် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး စားသုံးသူပြည်သူများအတွက် အလွန်အရေးကြီးပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် အထောက်အကူဖြစ်ပြီး အကောင်းအဆိုး ဒွန်တွဲလျက်ရှိပါကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်သည့် ဉာဏ်ရည်တု AIနည်းပညာကို တွင်ကျယ်စွာ အသုံးပြုလာကြပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုများလည်း များလာပါကြောင်း၊ နည်းပညာစိန်ခေါ်မှုများကို သက်ဆိုင်ရာ ကျွမ်းကျင်နည်းပညာရှင်များ၊ ပုဂ္ဂလိကနှင့်အစိုးရပူးပေါင်းကာ သက်ဆိုင်ရာနည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ မူဘောင်များနှင့် ထိန်းကျောင်းကျော်လွှားပြီး စားသုံးသူအခွင့်အရေးများကို လေးစားလိုက်နာမှုရှိသည့် ဉာဏ်ရည်တုနည်းပညာတစ်ရပ် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ စားသုံးသူများဆီကို ကျယ်ပြန့်စွာ ရောက်ရှိစေရန် ထိရောက်သည့် နည်းပညာများနှင့် ယခုထက်ပိုမို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ စားသုံးသူအငြင်းပွားမှု (၆၆၆)မှုရှိခဲ့ပြီး (၆၅၈)မှုကို ဖြေရှင်းဆောင်ရွက်ပြီးခဲ့သည်ကို သိရှိရပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာ၍ စားသုံးသူများ အပေါ်စေတနာထားကာ အတ္တ၊ ပရ မျှတစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စားသုံးသူအသိပညာပေးခြင်း၊ စားသုံးထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေး ဈေးကွက်ကွင်းဆင်း စစ်ဆေးခြင်းနှင့် လိုအပ်သည့်အရေးယူဆောင်ရွက်ခြင်းများကို တိုင်းဒေသကြီး တစ်ခုလုံး ပိုမိုလွှမ်းခြုံမှုရှိစေရန် ထိရောက်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေအရဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားနှင့် ကိုက်ညီမှုမရှိသည့်ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်ကုန်စည်များ၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များ စစ်ဆေးခြင်းတို့ကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး စစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး (Vidoe Clip) အားကြည့်ရှုပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ  တက်ရောက်လာသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးခဲ့ ကြောင်း၊ အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International–CI)က သတ်မှတ်ထားသော ၂၀၂၄ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) ဆောင်ပုဒ်မှာ မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု (Fair and Responsible AI For Consumers) ဆောင်ပုဒ်ဖြစ်ကြောင်းနှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုသူများမှ အဖြေအများဆုံးမှန်သူ(၃)ဦးနှင့် နှစ်သိမ့်ဆုရှိသူ (၇)ဦးတို့အား တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)