ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ မတ် ၁၆

ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး၊ ချည်မျှင်စက်ရုံများ ဝါလုပ်ငန်းရှင်များနှင့် ဝါစိုက်တောင်သူများ၊ အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း(မန္တလေး)မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က အဖွင့်အမှာစကားပြောကြားပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆောင်းဒါးနှင့် ရက်ကန်းအသက်မွေးပညာသိပ္ပံ ကျောင်းအုပ်ကြီး ဒေါ်တင့်တင့်တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ချည်မျှင်စက်ရုံများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံတာဝန်ခံ၊ ဝါလုပ်ငန်းရှင်များနှင့် ဝါစိုက်တောင်သူများ၊ အထည်အလိပ်ရက်ကန်း လုပ်ငန်းရှင်များအသင်း(မန္တလေး)တို့မှ တာဝန်ရှိသူများက ဆွေးနွေးအကြံပြုတင်ပြကြခဲ့ကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်