ချမ်းအေးသာစံ မတ် ၁၆
မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အထူးဇုန်များသတ်မှတ်၍ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးမှူး ဦးဇော်မင်းနိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး ဦးသိန်းဝင်း၊ စက်မှုလယ်ယာဦးစီးမှူး ဦးဆန်းအောင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) တိုင်းတာဝန်ခံ ဦးဝင်နိုင်ဦးနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံများ၊ ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံများထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အထူးဇုန်ဧရိယာသတ်မှတ်ခြင်း၊ မြေမျိုးကြီးအလိုက် စိုက်ပျိုးဆောင်ရွက်မည့် လုပ်ငန်းများ၊ ရေရရှိရေးနည်းလမ်းအလိုက် စိုက်ပျိုးဆောင်ရွက်မည့် လုပ်ငန်းများ၊ အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းများအား အသေးစိတ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်