မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေး

မန္တလေး မတ် ၁၆

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး အောင်မြေသာစံ မြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် တို့အား ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် အေးချမ်းစွာဖြေဆို နေမှုများကို လိုက်လံကြည့်ရှုကြပြီး စာမေးပွဲကြီးကြပ်ရေးမှူး ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ထောက်ပံ့ကိစ္စများ ဆောင်ရွက်ပေးနေကြသူများကို  အားပေးစကားများ ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၇၄ ခု ဖွင့်လှစ် ထားရှိပြီး ယနေ့ ဘာသာရပ်အလိုက် ဖြေဆိုမှုများအနေဖြင့် ရူပဗေဒဘာသာရပ်တွင် ဖြေဆိုသူ ၁၈၄၉ဝ ဦး၊ ပျက်ကွက် ၇၂၃ ဦး(ဖြေဆိုမှ ၉၆ ဒသမ ၂၄ ရာခိုင်နှုန်း) ရှိကြောင်း၊ သမိုင်းဘာသာ ရပ်တွင် ဖြေဆိုသူ ၉ဝ၇ ဦး၊ပျက်ကွက် ၉၅ ဦး (ဖြေဆိုမှ ၉၀ ဒသမ ၅၂ရာခိုင်နှုန်း)ရှိကြောင်း သိရ သည်။

မြင့်မော်ထွန်း(ပြန်/ဆက်)