ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် မတ် ၁၆

ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုခဲ့ကြသည်။

နံနက်(၈)နာရီအချိန်တွင်  နှစ်ကျိပ်ရှစ်ဆူ‌သော ဘုရားရှင်တို့အား ရည်မှန်းပူဇော်သည့်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များကို ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှစတင်၍ ရင်ပြင်တော်တစ်ပတ်ခွဲလှည့်လည်ပူဇော်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည့် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်းတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့သည်။

ထို့နောက် နံနက် ၉ နာရီအချိန်တွင် ဗုဒ္ဓပူဇနိယတ‌ပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ဗုဒ္ဓပူဇနိယတ‌ပေါင်းပွဲတော် ကာလအတွင်း ကုသိုလ်အတူပြုရန် နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်း၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါ စရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သ.စ.အဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ၊ စေတိယင်္ဂဏပရ သိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ ဧည့်ပရိသတ်တို့က နဝင်္ဂသီလခံယူဆောက်တည်ခြင်း၊ အလှည့်ကျ သဘာပတိ ဦးမျိုးအောင်ဌေးက ဗုဒ္ဓပူဇနိယ အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြတ်ဗုဒ္ဓ၏သဗ္ဗညုတဉာဏ်ရောင်မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သောအားဖြင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းသံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဘဒ္ဒန္တအဂ္ဂသာမိနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမျိုး‌အောင်ဌေးတို့က ဆီမီးတန်ဆောင်ထွန်းညှိပူဇော်၍ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ဖွင့်လှစ် ပေးခဲ့ပြီးနောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ သည်။

ဆက်လက်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာကို ဥပသကာ (၁)ဦးက ရွတ်ဆို ပူဇော်ပြီးချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်ပရိသတ်များနှင့် အာရုံခံမုခ်ဦး(၄)ခုတွင် နေရာယူထားကြသော ပရိသတ်အမျိုးလေးပါး (သံဃာ၊ သီလရှင်၊ ဥပါသကာ၊ ဥပါသိကာ)တို့က မဟာပဋ္ဌာန်းပစ္စယနိ‌ဒ္ဒေသဒေသနာတော်ကို တညီတညွတ်တည်း ရွတ်ဖတ်ပူဇော်ကြပြီးနောက် ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တွင် အသင့်နေရာယူထား သည့် အလှည့်ကျ ပဋ္ဌာနဘာဏကသံဃာတော်မှ အသံမစဲဆက်လက်ပူဇော်ခဲ့သည်။

နံနက် ၁၀ နာရီခွဲအချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သီလရှင်များ အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ရွှေတိဂုံစေတီတော် ၂၆၁၂ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို ၁၅-၃-၂၀၂၄ ရက်နေ့မှ ၂၄-၃-၂၀၂၄ ရက် (တပေါင်းလပြည့်နေ့)အထိ ၁၀ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး သံဃာအပါး (၁၂၀)တို့က ၂၁၆ နာရီတိုင်တိုင် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်သည်။ ၂၃-၃-၂၀၂၄ (အဖိတ်နေ့) ညနေ ၄ နာရီအချိန်တွင် ရင်ပြင်တော်တစ်ပတ် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနား၊ ၂၄-၃-၂၀၂၄ (တပေါင်းလပြည့်နေ့) တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်ပွဲနှင့် ရေစက်ချအနုမောဒနာအခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

အောင်မြင့်(ပြန်/ဆက်)