ကျိုင်းတုံ မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု/ မီးလန့်မှုများလျော့နည်းကျဆင်းရေးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်နိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်မှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက်(၉)နာရီက ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ့ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်၊ မီးသတ်ဦးစီးဌာနရုံးမှ မြိုနယ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများအား လိုက်နာဆောင်ရွက်ရမည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာစည်းကမ်းချက်များအား ရှင်းလင်းဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများအား အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရပါက ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် အသိပညာပေးသရုပ်ပြသခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများ၊ မြန်မာ့ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုင်းရွှေအောင်(ခရိုင်၊ ပြန်/ဆက်)