မိုင်းယု မတ် ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံရှမ်းအမျိုးသမီးများ အမြတ်အစွန်းများများမရရှိသော်လည်း အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချလျက် အိမ်တွင်းမှုလက်မှုလုပ်ငန်းဖြစ်သည့် အဆောင်လက်ဖွဲ့ပုတီးကြိုးထိုးခြင်းလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရှာလျက်ရှိကြောင်း သိရသည်။
အဆောင်လက်ဖွဲ့ပုတီးကြိုးကို မိုင်းယုမြို့ရှိ ဒေသခံရှမ်းအမျိုးသမီးများသည် အားလပ်သည့်အချိန်များ၌ လုပ်ကိုင်လျက်ရှိကြပြီး ယင်းကြိုးနှင့် ပုတီးစေ့အဖြူရောင်များကို တာချီလိတ်မြို့မှတစ်ဆင့် ဝယ်ယူရရှိလျက်ရှိကြောင်း၊ ပုတီးစေ့ တစ်ကီလိုထုတ်တစ်ထုတ်လျှင် ကျပ် နှစ်သောင်းကျော်(ဘတ် ၂၀၀)ဖြစ်ပြီး ပိုးကြိုးအခွေကြီး တစ်ခွေလျှင် ကျပ် ၁၂၀၀၀(ဘတ်တစ်ရာကျော်)နှင့် ကြိုးခွေအခွေအသေး ကိုးခွေပါအထုတ်တစ်ထုတ်လျှင် ကျပ် သုံးသောင်းကျော်(ဘတ် ၃၀၀)ပေးရကြောင်းနှင့် အဆင်သင့်ထိုးပြီးသည် အဆောင်လက်ဖွဲ့ပုတီးကြိုးအရေအတွက် အခုတစ်ထောင်လျှင် ကျပ် ၂၈၀၀၀ ကျော်(ဘတ် ၂၈၀)သာရရှိပြီး အမြတ်အစွန်းရရှိမှုနည်းပါးသော်လည်း အချိန်ပြည့်ပုံမှန်များများလုပ်ကိုင်နိုင်မှသာ အမြတ်များများရရှိနိုင်မည်ဖြစ်ကြောင်း အဆောင်လက်ဖွဲ့ပုတီး လုပ်ကိုင်နေသူများထံမှ သိရသည်။
မိုင်းယုမြို့ရှိ ဒေသခံအမျိုးသမီးများမှာ မိမိတို့၏ တောင်ယာလုပ်ငန်းများနှင့် အိမ်ဈေးရောင်းခြင်းလုပ်ငန်းများ တစ်နေ့တာလုပ်ကိုင်မှုအပြီး နားနေချိန်များတွင် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရှိရန်အတွက် ယင်းအမျိုးသမီးလက်မှုလုပ်ငန်းဖြစ်သည့် အဆောင်လက်ဖွဲ့ပုတီးကြိုးထိုးခြင်းလုပ်ငန်းကို သက်ကြီးပိုင်းများကသာအများဆုံး နားနားနေနေလုပ်ကိုင်လျက်ရှိပြီး ငယ်ရွယ်သူနှင့် လူလတ်ပိုင်းအမျိုးသမီးငယ်များမှာ အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် အပ်ချုပ်လုပ်ငန်းကိုသာ အဓိကအားထား လုပ်ကိုင်ကြလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်