လှိုင်သာယာ(အရှေ့ပိုင်း) မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစိစစ်ရေးဦးစီးဌာနမှ သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များဆိုင်ရာ အသိပညာ ပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ၌ စက်မှုဇုန်(၂)ရှိ Kamcaine အထည်ချုပ်စက်ရုံနှင့် Newtop Lotus အထည်ချုပ်စက်ရုံရှိ အလုပ်ရုံရှိဝန်ထမ်းများနှင့် အလုပ်သမားများအား ရပိုင်ခွင့်ဆိုင်ရာ ဥပဒေပါအချက်အလက်များကို အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်လတ်က အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား တည်ဆဲဥပဒေများကို သိရှိလာပြီး လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်၍ ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အလုပ်သမားဥပဒေစစ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်သူနှင့် ဦးစီးအရာရှိ ဦးကြည်လင်တို့ကလည်း အသီသီး အသိပညာပေးပြောကြားကြောင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)