ကျောက်ဆည် မတ် ၁၄
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ်(၁၁)ရက် နံနက်(၉)နာရီက စတင်ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ကျောက်ဆည်မြို့အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မတ်(၁၄)ရက်နေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်များ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့ အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံးမှဒုရဲမှူးကောင်းမြတ်သူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်တန်း စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ ကျောင်းကြို၊ ကျောင်းပို့ မော်တော်ဆိုင်ကယ်များ၊ မော်တော်ယာဉ်များနှင့် လမ်းသွားလမ်းလာပြည်သူများ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၄ ခု ပညာသင်နှစ် တက္ကသိုလ်ဝင် ဓာတုဗေဒဘာသာရပ် စာမေးပွဲတွင် အတွင်းဖြေကျောင်းသား(၃၅၁)ဦး၊ကျောင်းသူ(၅၀၆)ဦး၊ အပြင်ဖြေ ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ(၄၁)ဦး စုစုပေါင်း(၉၁၇)ဦးနှင့် ပထဝီဝင်ဘာသာရပ်စာမေးပွဲတွင် အပြင်ဖြေကျောင်းသား(၂)ဦး၊ ကျောင်းသူ(၃)ဦး၊ စုစုပေါင်း(၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)