မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ် နှစ် (၅ဝ) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် မတ် ၁၅

၂ဝ၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅ဝ) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက အားကစားကွင်းအတွင်းသို့ နေရာယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတော်ရဲ့တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုများမှာ ပါဝင်လာဖို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ခံယူပြီး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်မှာ နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုရန်၊ မြို့နယ်/ ခရိုင်အဆင့်မှသည် မွန်ပြည်နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် မွန်ပြည်နယ် အသင်းသည် အားကစားနည်းအလိုက် အောင်မြင်မှုရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေနှင့် ချမှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို လိုက်နာကြရန်၊ ပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်ကြမည့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းစွာနှင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးကြရန်၊ အားပေးကြည့်ရှု့ကြသည့် ပရိသတ်များကလည်း မျှမျှတတ အဆင့်အတန်းမြင့်မြင့် အားပေးကြည့်ရှုကြရန် တိုက်တွန်းမှာကြားရင် “၂ဝ၂၄ ခုနှစ် နှစ် (၅ဝ) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား အဖွင့်အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သံဖြူဇရပ်မြို့နယ် ပိုက်ကျော်ခြင်းအသင်းနှင့် မုဒုံမြို့နယ် ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ ကြက်တောင်ရိုက်စသည့် အားကစားနည်းများကို မတ် ၁၅ ရက်နေ့မှ ၁၈ရက်နေ့အထိ မွန်ပြည်နယ် (၁၀) မြို့နယ်အတွင်းရှိ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)