တာလေ နိုဝင်ဘာ ၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု အတွင်းရှိ နားအွန် ကျေးလက်ကျန်းမာရေးဌာန၌ အသက် (၂) မှ (၉) လအောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် စပ်လျဉ်း၍ ကာကွယ်နိုင်သော ရောဂါများအကြောင်းကို ဦးစွာဆွေးနွေး ပြောကြားသည်။
အဆိုပါ အသက် (၂)လမှ (၉) လအောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းများကို တာလေမြို့ နားယောင်းကျေးရွာ အုပ်စုအတွင်းရှိ နားအွန်ကျေးလက် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ခင်ရီက ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဦးယုဒနှင့် ကျန်းမာရေး စေတနာဝန်ထမ်းတို့က နားအွန်ကျေးလက် ကျန်းမာရေးဌာနခွဲ အပိုင်နယ်အတွင်းရှိ အသက် (၂) လမှ (၉) လအောက် ကလေးငယ် (၃၆) ဦးအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး၊ BCG ကာကွယ်ဆေး၊ PCV ငါးမျိုးစပ်ကာကွယ်ဆေး၊ Penta ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ OPV ပိုလီယို အစက်ချကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)