ရပ်စောက် မတ် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ရပ်စောက်မြို့၊ မူလတန်းကြိုကျောင်းမှ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ ရပ်စောက်မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ကြွယ်သိန်းက အဖွင့်အမှာစကားနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဆင်းလက်မှတ်နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာသော ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာလူကြီးများအား ရပ်စောက်မူလတန်းကြိုကျောင်းမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပဒေသာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)