မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ အတ္ထရံ ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်   မတ်   ၁၅

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ အတ္ထရံဓာတ်အားခွဲရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ အတ္ထရံဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ အတ္ထရံဓာတ်အားခွဲရုံသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ရိုးရာအဖွဲ့များအား ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဓာတ်အားခွဲရုံ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ စဉ်ဆက်မပြတ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့် ရပ်ကွက်/ကျေးရွာများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးတို့အတွက် ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေများ လျာထားခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တည်ဆောက်ပြီးစီး၍ ယခုဖွင့်လှစ်သည့် ၃၃ ကေဗွီ အတ္ထရံ ဓာတ်အားခွဲရုံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ငွေကျပ် ၁၆၅၂ သန်းကျော် အကုန်အကျခံပြီး တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံရဲ့မူဝါဒဖြစ်သည့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးစနစ်နှင့် ပညာရေးစနစ် တိုးတက်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေသလို ပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့အနေဖြင့်လည်း ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး နည်းလမ်းပေါင်းစုံနှင့် တတပ်တအား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများအနေနဲ့လည်း လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာ သုံးစွဲခြင်း၊ လိုအပ်သလောက်ကိုသာ ချွေတာသုံးစွဲခြင်း၊ မိမိတို့သုံးစွဲသည့် ဓာတ်အားခများကို သတ်မှတ်ရက်များအတိုင်း အချိန်မီပေးသွင်းကြခြင်းဖြင့် နိုင်ငံတော်အတွင်း လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်နိုင်ရေး၊ လျှပ်စစ်မီး မရရှိသေးတဲ့ဒေသများမှ ပြည်သူများ လျှပ်စစ်ဓာတ်အားများ သုံးစွဲနိုင်ရေးတို့ကို နားလည်သဘောပေါက်ပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်းက ဓာတ်အားခွဲရုံနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ၃၃/ ၁၁ ကေဗွီ ၁၀ အမ်ဗွီအေ အတ္ထရံ ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများထံ ပေးအပ်၍ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)