မိုင်းကိုင် မတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်လူရွယ်များနှင့် စာပေချစ်မြတ်နိုးသူအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီးနောက် စာပေချစ်မြတ်နိုးသူအသင်းဝင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ပါ “လူငယ်နှင့်အမှား၊ ရှားလော့ဟုမ်းလည်း မှားတာပဲ၊ မှားမှာကိုမကြောက်နဲ့၊ ရှက်စိတ် ကြောက်စိတ် အောင်စိတ်၊ လူမျိုးမြှင့်ဖို့ စာဖတ်စို့၊ တာဝန်လိပ်ပြာသန့်မှု၊ အလှအပဆိုတာ၊ ပညာရေးအစ.. စာအုပ်ဖြင့်အစပြုပါ”စသည့်အကြောင်းအရာ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူ စာပေချစ်မြတ်နိုးသူများနှင့် လူငယ်လူရွယ်များက မိမိတို့၏ အမြင်များနှင့်ပတ်သက်၍ အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံတပ်တို့က ပူးပေါင်းစီစဉ်တင်ဆက်ထားသော "စည်းရုံးစွမ်းဆောင်နံရံကပ်စာစောင်" အမည်ဖြင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ဆက်လက်ခင်းကျင်းပပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)