မိုင်းဆတ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းတူးက နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလတွင် လိုက်နာရမည့် အချက်များနှင့် လွတ်လပ်၍ တရာမျှတစွာ မဲဆွယ်စည်းရုံးနိုင်ရေးကို လည်းကောင်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးမောင်ချိုက ရွေးကောက်ပွဲကာလအတွင်း သတ်မှတ်ထားသော မဲဆွယ်စည်းရုံးရေးကာလမှာ (၂)ရက်သာကျန်ရှိကြောင်း နိုင်ငံရေးပါတီများအနေဖြင့် ကျန်ရှိသော မဲဆွယ်စည်းရုံးရေးကာလ(၂)ရက်အတွင်း မဲဆွယ်စည်းရုံးလိုပါက မဲဆွယ်စည်းရုံးမည့်အစီအစဉ်များကို ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အချိန်မီတင်ပြရေးနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ မဲဆွယ်စည်းရုံးမည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည့်အခြေအနေများကို ဝိုင်းဝန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
မြင့်မောင် (ပြန်/ဆက်)