ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်း ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု

ကွမ်းခြံကုန်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးစိုးသိန်းသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လိုက်လံကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးများနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအုပ်စု၊ ရန်ကြီးအောင်ကျေးရွာရှိ တောင်သူဦးမြင့်ဦး၏ လယ်မြေတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (seeder) ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်၍ စံပြကွက်ရိတ်သိမ်းနေမှု အခြေအနေအား ကြည့်ရှုကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နွေစပါးစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိလာသည့် အထွက်နှုန်းများ၊ အကျိုးကျေးဇူးများ ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသော တောင်သူများကလည်း မျိုးစေ့ချကိရိယာ (seeder) ၏ အားသာချက်များအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ဝါးကောက်တောကျေးရွာ တောင်သူဦးခင်မောင်အေး၏ လယ်မြေတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (seeder) ဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းအားကြည့်ရှုခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ Grade 12 တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှု အခြေအနေအား လိုက်လံကြည့်ရှုခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကြောင်း၊ ဆေးရုံတက်ရောက်နေသည့် လူနာများအား အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံငွေများ ပေးအပ်ခဲသည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း ရေထိန်းတံခါး ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တောင်သူဦးစိန်မြင့်၏ လယ်မြေတွင်စိုက်ပျိုးထားသော နေကြာစံပြကွက်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)