မြစ်ကြီးနားမြို့(Community Centre) ၌ ပန်းအလှဆင်သင်တန်း (အခမဲ့) ဖွင့်လှစ်

မြစ်ကြီးနား မတ် ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့နံနက် (၈) နာရီခွဲက ပန်းအလှဆင်သင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ သင်တန်းသား/သင်တန်းသူ (၃၅) ဦးတက်ရောက်ပြီး သင်တန်းနည်းပြ ဦးသန်းမင်းဦးက လက်ဆောင်ပန်းခြင်း အလှဆင်နည်း၊ မွေးနေ့/အမှတ်တရနေ့များအတွက် လက်ဆောင်ပန်းစည်းပြုလုပ်နည်း၊ သတို့သမီး လက်ကိုင်ပန်း၊ ရင်ကပ်ပန်းများပြုလုပ်နည်း၊ ပွဲများ၊ အခမ်းအနားများတွင် ပန်းအလှပြင်နည်း၊ ပန်းများ၏ အခြေခံသဘောတရားများ၊ ထိန်းသိမ်းနည်းနှင့် ပန်းထိုးသည့် အခြေခံအကြောင်းအရာများကို မတ်လ (၁၄) ရက်မှ (၁၅) ရက်နေ့အထိ စာတွေ့/လက်တွေ့  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ တစ်ဖက်တစ်လမ်းမှ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိ စေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်းနှင့် မြစ်ကြီးနားမြို့ (Community Centre) အနေဖြင့် (၂၀၂၄) ခုနှစ်အတွင်း အသက်မွေးလုပ်ငန်း သင်တန်းပေါင်း (၇) ကြိမ်အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)