သံတွဲ မတ် ၁၅
တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ မတ် ၁၄ နံနက် ၉နာရီမှ စတင်၍ စာမေးပွဲကိုဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ဓာတုဗေဒဘာသာရပ်နှင့်ပထဝီဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က-၁၊ အ.ထ.က-၂၊ အ.ထ.က-ကင်းမော်၊ အ.ထ.က-ငပလီ၊ အ.ထ.က(ခွဲ)လင်းသာ၊ အ.ထ.က(ခွဲ)မြို့မတို့တွင် ဓာတုဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၇၉၄)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ(၇၇၉)ဦးရှိပြီး ပျက်ကွက်သူ (၁၅)ဦး ရှိသဖြင့် ၉၈.၁၁% ဖြေဆိုကြောင်းနှင့် ပထဝီဘာသာရပ်ကိုဖြေဆိုရန် စာရင်းစာရင်းသွင်းထားသူ (၃၃၁)ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ (၃၁၄)ဦးရှိပြီး ပျက်ကွက်သူ (၁၇)ဦး ရှိသဖြင့် ၉၄.၁၆% ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာယာစွာဖြေဆိုနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ စာစစ်ဌာနအသီးသီး၌ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)