မန္တလေး မတ် ၁၅
ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစကားပြောအခြေခံရရှိစေရန်၊ သင်တန်းမစမီအချိန်တွင် စာအုပ်စာပေများကိုဖတ်ရှု့၍ စာပေဗဟုသုတရရှိစေရန် အစရှိသည့်ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက် (၁၀)နာရီ၌ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်မောင်မယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာဖြတ်သန်းစေလိုပါကြောင်း၊ အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အခြေခံပန်းချီပညာသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးပြီး အခြေခံကဗျာရေးနည်းသင်တန်း၊ စာစီစာကုံးရေးသားနည်းသင်တန်းနှင့် အခြေခံကွန်ပျုတာသင်တန်းများကိုလည်း စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းကို (၁၄-၃-၂၀၂၄) မှ (၂၁-၃-၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)