ကလော မတ် ၁၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ် အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းဆင်းပွဲတွင် ကလောမြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အမျိုးသားအားကစား အဆင့်အတန်းတိုးတက် မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက် သောမျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ နွေရာသီကျောင်းအားလပ်ရက်များတွင် ကျောင်းသား၊ကျောင်းသူများ အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်းလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီအားကစားသင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အားကစားနည်းပြဆရာမက အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းတို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုဆုငွေများနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံး၊ စာပွဲတင်တင်းနစ်၊ တိုက်ကွမ်တို၊ လက်ဝှေ့စသည့် အားကစားနည်းများကို ကျွမ်းကျင်သောနည်းပြများဖြင့် မတ်လ (၁) ရက်နေ့မှ မတ်လ (၁၅) ရက်နေ့အထိ ကလောမြို့နယ်အားကစားကွင်း၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)