ရန်ကုန် မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့် (မှုခင်း) တို့က အမှာစကားအသီးသီးပြောကြားပြီး၊ အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုက ရပ်ကွက်များအတွင်းရှိ စာကြည့်တိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ခရိုင်စာကြည့်တိုက်များ ကြီးကြပ်မှုလုပ်ငန်းကော်မတီ ဖွဲ့စည်းမှုအခြေအနေနှင့် မြို့နယ်အတွင်း စာကြည့်တိုက်အခြေအနေများနှင့် တွေ့ဆုံပွဲပြုလုပ်ရခြင်း၏ အကြောင်းအရာများကို ပြောကြားပြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက်လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)