မိုးကောင်း မတ် ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း(ဒုတိယနှစ်စက်ဝန်း) မတည်ထောက်ပံ့ငွေများပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ်လ(၁၃)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်များဖြစ်ကြသည့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်မာသန်းနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ဇော်မြင့်နိုင်တို့က စီမံကိန်းချေးငွေ သတ်မှတ်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကုန်းတန်းကြီးကျေးရွာအား ငွေကျပ်သိန်း (၃၅၀)၊ တောင်နီကျေးရွာအား ငွေကျပ်သိန်း(၃၀၀)၊ နန့်ခွင်ကျေးရွာအား ငွေကျပ်သိန်း(၃၀၀)၊ ပင်လုံကျေးရွာအား ငွေကျပ်သိန်း(၃၀၀)၊ ကျွန်းတောရပ်ကွက်အား ငွေကျပ်သိန်း(၅၀၀)၊ ရေတွင်း ကုန်းကျေးရွာအား ငွေကျပ်သိန်း(၁၀၀)၊ ပင်းကြိုင်းကျေးရွာအား ငွေကျပ်သိန်း(၅၀၀)၊ ဆားမှော်ကျေးရွာအား ငွေကျပ်သိန်း(၆၀၀)နှင့် အောင်သာကျေးရွာအား ငွေကျပ်သိန်း(၆၀၀) စုစုပေါင်း ငွေကျပ်သိန်း(၃၅၅၀)ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)