ချမ်းအေးသာစံ မတ် ၁၅
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်(ငွေလုံးငွေရင်း)ခွင့်ပြုထုတ်ပေးခြင်းများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လူမှုဖူလုံရေးရုံးများတွင် ခွင့်ပြုထုတ်ပေးလျက်ရှိရာ ချမ်းအေးသာစံနှင့် ပြည်ကြီးတံခွန် မြို့နယ်ရုံးတို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အာမခံအလုပ်သမားအတွက် အကျိုးခံစားခွင့် ငွေကျပ် ၄၀၃ သိန်း ကျော်ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိထံက သိရသည်။
“လူမှုဖူလုံရေးအဖွဲ့ဟာ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနဲ့အညီ အကျုံးဝင်မှတ် ပုံတင်ထားတဲ့ အာမခံအလုပ်သမားတွေရဲ့ မကျန်းမာမှု၊ မီးဖွားမှု၊ ဖခင်ဘဝဖြစ်မှု၊ နာရေးစရိတ်၊ ဆေးဘိုးခရီးစရိတ်နဲ့ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုကြောင့်ဖြစ်ပွားတဲ့ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှု၊ ကျန်ရစ်သူအကျိုးခံစားခွင့်တွေ ပါရရှိအောင် ဆောင်ရွက်ပေးနေပါတယ်၊ ဒီနေ့မှာဆိုရင် အကျိုးခံစားခွင့် ငွေကျပ် ၄၀၃ သိန်းကျော်ကို ခွင့်ပြုထုတ်ပေးတာဖြစ်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦးက ပြောသည်။
လူမှုဖူလုံရေးစီမံကိန်းအနေဖြင့် ၂၀၁၂ခုနှစ်လူမှုဖူလုံရေးဥပဒေသည် အလုပ်သမားများနှင့် မှီခိုသူမိသားစုတို့ကို လူမှုဒုက္ခတွေ့ကြုံရသည့်အချိန်တွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရတို့ စုပေါင်းပါဝင်သည့် လူမှုရေးအရထောက်ပံ့ပေးသော အာမခံစနစ်ဖြစ်ပြီး အကျိုးခံစားခွင့်များကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“အလုပ်ရှင်တွေအနေနဲ့လည်း လူမှုဖူလုံရေးဥပဒေပုဒ်မ ၄၉(က) လူမှုဖူလုံရေးနည်းဥပဒေ အပိုဒ်၁၇၇(က)အရ မိမိရဲ့အလုပ်သမားအာမခံထားသူတို့ အလုပ်တွင် ထိခိုက်မှုဖြစ်ပေါ်ပါက အလုပ်သမားလျော်ကြေးအက်ဥပဒေအရ ပေးလျော်ရမယ့်တာဝန်တွေက ကင်းလွှတ်စေပါတယ်၊ ဒါကြောင့် မိမိတို့ဌာနမှာရှိတဲ့ အလုပ်သမားတွေကို လူမှုဖူလုံရေးနဲ့ အကျုံးဝင်မှတ်ပုံတင်ကာ အာမခံထားပေးပြီး အလုပ်သမားတွေအားလုံး ထိန်ချန်ထားခြင်းမရှိဘဲ လူမှုဖူလုံရေးအဖွဲ့နဲ့ အကျုံးဝင်မှတ်ပုံတင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာတွင် ပြည်ကြီးတံခွန်မြို့နယ်လူမှုဖူ လုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Eager Communication Group Co., Ltd မှ လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် အာမခံအလုပ်သမား ဦးအောင်သိန်းမော်၏ အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် (၁)မှု၊ လုပ်ငန်းခွင်ထိခိုက်သေဆုံးသော Myanmar Viettel Construction Co., Ltd မှ အာမခံအလုပ်သမား ဦးစည်သူဝင်း၏ ကျန်ရစ်သူ အကျိုးခံစားခွင့် (၁)မှု၊ NTT သစ်အချောထည်မှ ဆေးဘိုးကုန်ကျငွေ(၁)မှုနှင့် ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ဆေးဘိုးကုန်ကျငွေ (၃)မှု၊ မကျန်းမာမှုအကျိုးခံစားခွင့် (၁)မှုနှင့် မီးဖွားမှုနှင့် စရိတ်အကျိုးခံစားခွင့် (၉)မှု စုစုပေါင်း (၁၆)မှုအတွက် အကျိုးခံစားခွင့် ၄၀,၃၈၄,၄၇၇ ကျပ် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို မဟာအောင်မြေခရိုင် လူမှုဖူလုံရေးရုံးတွင်ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် အကျိုးခံစားခွင့် ခွင့်ပြုငွေများ ထုတ်ပေးရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ မြို့နယ်ဦးစီးအရာရှိ၊ ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးဆေးခန်းတာဝန်ခံ၊ ပြည်ကြီးတံခွန်မြို့နယ်စက်မှုဇုန်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က အကျိုးခံစားခွင့် ခွင့်ပြုငွေများကို ထုတ်ပေးခဲ့ကြောင်းနှင့် တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်