ချမ်းအေးသာစံ မတ် ၁၅
၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်(၆)မျိုးရရှိသည့် ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်းချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၂၄ ရက်နေ့တွင် သက်ဆိုင်ရာနေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ကျင်းပမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မဟာဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ရ ရဟန်း ၈ ပါး၊ သီလရှင်တစ်ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ရ ရှမ်းပြည်နယ်မှတစ်ပါး အပါအဝင် ရဟန်း ၆ ပါး၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ရ ရဟန်းတစ်ပါး၊ မဟာကမ္မဋ္ဌာနာစရိယဘွဲ့ရ ရဟန်းတစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ရ ရဟန်း ၈ ပါးနှင့် သီလ ၂ ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ ရဟန်း ၆ ပါးနှင့် သီလရှင်တစ်ပါး တို့ကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်အနေဖြင့် သီဟသုဓမ္မမဏီဇောတဓရဘွဲ့ရတစ်ဦး၊ သုဓမ္မမဏိဇောတဓရဘွဲ့ရတစ်ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့ရ ၂ ဦး၊ သုဓမ္မသိင်္ဂီဘွဲ့ရ ၃ ဦး တို့ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီဖြစ်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လစ်ဟင်းမှုမရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်များမဖြစ်ပေါ်စေရေးနှင့် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းတင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်