ပုဗ္ဗသီရိ နိုဝင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ မိုးစပါးများရိတ်သိမ်းချိန်တွင် ယမန်နှစ်ထက် ဈေးကောင်းရရှိသဖြင့် စပါးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဇီးကုန်းကျေးရွာ စပါးစိုက်တောင်သူ ဦးဝင်းဇော်ထံမှသိရသည်။
"မိုးစပါးကို ဇူလိုင်လဆန်းပိုင်းလောက်တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းလောက်တွင် စတင်ရိတ်သိမ်းနိုင်ကြောင်း၊ စပါးစတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းပြီးသည်အထိ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအထိ ကုန်ကျစရိတ်ရှိပြီး စပါးတင်း(၈၅)မှ(၉၀)အထိထွက်ရှိကြောင်း၊ ယမန်နှစ်က စပါးတစ်တင်း(အစို)ကို ငွေကျပ် ၅၃၀၀ မှ ၅၄၀၀ အထိသာရောင်းချရပြီး ယခုနှစ်တွင် ငွေကျပ် ၅၇၀၀ မှ ၅၈၀၀ အထိရောင်းချရသောကြောင့် အဆင်ပြေလျက်ရှိကြောင်း" ၎င်းက ပြောကြားသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာပေါင်း(၇၂)ရွာမှ မိုးစပါးစိုက်ဧက ၁၁၈၀၇ ဧကရှိရာ ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ ထိုင်းနှံကောက်စသည့် စပါးမျိုးများကို အဓိက ထားစိုက်ပျိုးလျက်ရှိပြီး စပါးရိတ်သိမ်းချိန်တွင် ယမန်နှစ်ထက်ဈေးကောင်း ရရှိသဖြင့် စပါးစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)