အလုံ မတ်လ ၁၅
ကျောင်းသား၊ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ပန်းချီပညာကို လေ့လာတတ်မြောက်နိုင်ရန်အတွက် ရည်ရွယ်ကာ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီက အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
သင်တန်းကို အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဥ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာ ကာတွန်း နေမင်းက အခြေခံပန်းချီ ရေးဆွဲနည်းများကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်ခဲ့ပြီ သင်တန်းကာလမှာ မတ်လ (၁၄) ရက်နေ့မှ ဧပြီလ (၂၆) ရက်နေ့အထိ အပတ်စဥ် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် မွန်းလွဲ (၃) နာရီမှ (၄) နာရီခွဲအထိ (၂)လကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)