ချမ်းအေးသာစံ မတ် ၁၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ (၁၃)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီနာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားချိန်ကာလများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီအဖွဲ့၊ ပြည်သူလူထု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အလှူရှင်ပုဂ္ဂိုလ်များ၊ Volunteer အဖွဲ့အစည်းများဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် အောင်မြင်မှုပန်းတိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ချမ်းမြသာစည်လေဆိပ်ရှိ ၂၀၄ ခုတင်ဆံ့ မန္တလေးကူမင်းဆေးရုံ (ကိုဗစ်ကုသရေးစင်တာ) ယာယီအဆောက်အအုံနှင့် ဆက်စပ်ပစ္စည်းများ၊ တံခွန်တိုင်အဝိုင်းအနီးတွင် ဆောက်လုပ်ထားသော Liquid Oxygen to Medical Gas Oxygen Filling Station နှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် စနစ်တကျကြပ်မတ်ထိန်းသိမ်းစောင့်ရှောက်သွားရေးနှင့် လိုအပ်၍ပြန်လည်အသုံးပြုသည့်အခါ လွယ်လင့်တကူ ဆောင်ရွက်သွားနိုင်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီနာယက၊ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များကရည်ရွယ်ချက်များဖြင့် ကော်မတီစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပုံနှင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြပြီး ကော်မတီ၏လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း Video Clip အား ပြသခဲ့သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများက ၂၀၄ ခုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာနှင့် ၂၀၂၁ ခုနှစ် တံခွန်တိုင်အဝိုင်းအနီးတွင် ဆောက်လုပ်ထားသော Liquid Oxygen to Medical Gas Oxygen Filling Station တို့၏ စာရင်းဇယားများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်