ပုဇွန်တောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့ရိုးရာသိုင်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ပုဇွန်တောင် မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့ရိုးရာသိုင်းသင်တန်း (အခမဲ့) ကို မတ်လ (၁၂) ရက်နေ့က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်ပြီး ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ယခုသင်တန်းတွင် သင်ကြားပေးမည့်ပညာရပ်များသည် အကျိုးရှိမည့်ပညာရပ်ဖြစ်ကြောင်း၊ တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် (၉) နာရီမှ ၁၀နာရီခွဲထိ သင်ကြားပေးမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီရိဆွေက ပြောကြားခဲ့သည်။

မြန်မာ့ရိုးရာသိုင်းသင်တန်းတွင် အခြေခံသိုင်းပညာကို ဦးဇော်ဝင်း၊ ဦးမျိုးညွှန့်၊ ဒေါ်ရူပါသိန်းနှင့် ဦးအောင်ကျော်ဆန်းတို့မှ သင်တန်းနည်းပြအဖြစ် သင်ကြားပြသပေးမည်ဖြစ်ကာ သင်တန်းသား၊ သင်တန်းသူ (၃၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ (၁၂) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်