မန္တလေး မတ် ၁၅
မန္တလေးခရိုင် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို မတ်လ ၁၃ရက်နေ့ နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်ကောင်းနှင့်စကားပြောစွမ်းရည်” စာအုပ်မှ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း၊ စကားပြေကောင်း စကားကောင်း၊ ဗဟုသုတကတန်ခိုး၊ စကားပြောစွမ်းရည်၊ စာကောင်းပေကောင်းရေးနည်း၊ ခေါင်းဆောင်ကောင်း၊ အကျိုးရှိသောအလုပ်၊ အကျိုးပြုစာပေဟူသည် အစရှိသည့် အကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် စကားဟောပြောရာတွင် တိုခြင်း၊ ရှည်ခြင်းက အဓိကမကျကြောင်းနှင့် ရည်ရွယ်ချက်အောင်မြင်အောင် ဟောပြောနိုင်သည်သာလျှင် အဓိကကျကြောင်း၊ ဤစာအုပ်တွင်ပါဝင်သော ဆောင်းပါးအားလုံးသည် တိုးတက်အောင်မြင်ကြမည့် လူငယ်များအတွက် အထောက်အပံ့ဖြစ်စေပါကြောင်း၊ စကားပြောစွမ်းရည်သည် အကြီးအမှူးခေါင်းဆောင်ကောင်းများအတွက် မရှိမဖြစ်ရှိရသည့် လိုအပ်ချက်အင်္ဂါရပ်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)