နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဲကောကြီးအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး အားပေး

နေပြည်တော် မတ် ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိအုပ်စု၊ အင်းသာကျေးရွာ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတ မထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လယ်ဝေးမြို့နယ်၊ ပန်းတင်ကျေးရွာနှင့် ပြောင်ခေါင်းကြီးကျေးရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံ့စေရေး၊ လမ်းဘေးဝဲ/ယာ လမ်းပုခုံးသားများကို သတ်မှတ်အဆင့် ပြည့်မီဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သဲကောကြီး အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး ဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင် ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာစစ်ဌာန စုစုပေါင်း ၄၇ ခုတွင် ယနေ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရာ စုစုပေါင်း ၇၈၀၆ ဦး စာရင်းပေးသွင်းကြပြီး ၇၆၂၁ ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၆၃ ရာခိုင်နှုန်း၊ ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုရာ စုစုပေါင်း ၈၇၀ ဦး စာရင်းပေးသွင်းကြပြီး ၈၀၀ ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၉၅ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရွှေပြည်သာကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာအနီးရှိ ပလွေးချောင်းပိတ်ယာယီရေထိန်းဆည်မှ ဆိုလာရေတင်စနစ်ဖြင့် နွေသီးနှံ စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေ စတင်ရေပေးဝေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယာယီရေထိန်းဆည်မှ ဆိုလာရေတင်စနစ်ဖြင့် နွေသီးနှံများ စိုက်ပျိုးနိုင်ရန် ဆိုလာရေတင်စက်အား စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေပြီး နွေသီးနှံစိုက်ပျိုးရန် တောင်သူများ မြေပြင်ထွန်ယက်နေမှုအခြေအနေများ၊ မြေပဲ၊ ဂေါ်ဖီ၊ ကြက်သွန်၊ ငရုတ်သီးနှံစိုက်ခင်းများအား ရေပေးဝေနေမှုအခြေအနေများနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ပလွေးချောင်းပိတ် ယာယီရေထိန်းဆည်အနီး ရှင်းလင်းဆောင်တွင် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံရာ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်ဇော်က ယာယီရေထိန်းဆည်တည်ဆောက်မှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှု အခြေအနေများ၊ ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ မြေကိုစနစ်တကျ ပြုပြင်သုံးစွဲ ရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး၊ စိုက်နည်းစနစ်များ မှန်ကန်စွာအသုံးပြုရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထို့အပြင် သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် သီးထပ်စိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ မြေများကို အကျိုးရှိစွာအသုံးချပြီး သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်း စားသုံးဆီဖူလုံစေရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား နှမ်းမျိုးစေ့များနှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပလွေးချောင်းပိတ်ယာယီရေထိန်းဆည် တည်ဆောက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကြံခင်းကျေးရွာအနီး ပလွေးချောင်းပိတ် ယာယီရေထိန်းဆည်မှ ကြံခင်းကျေးရွာနှင့် ဝဲကြီးကျေးရွာအနီးရှိ စိုက်ပျိုးမြေဧရိယာ ၂၀၈ ဧကကို ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)