နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

လှူဒါန်းပွဲတွင် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရွာမရပ်နေ ဦးအေးထွန်းနှင့်ဇနီး ဒေါ်စိစိဝင်း (ပြည်လုံးချမ်းသာဆီစက်ပွဲရုံလုပ်ငန်းနှင့် စိုက်ပျိုးရေးဆေးဆိုင်)တို့၏ မင်္ဂလာနှစ်(၃၀)ပြည့် အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ ကျပ်သိန်း(၁၀၀)ကို လှူဒါန်းကြရာ နေပြည်တော်ကောင်စီ ခေတ္တဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါလှူဒါန်းမှုများကို နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ဒက္ခိဏခရိုင်ပြန်/ဆက်)