ဖြူးမြို့နယ်၊ အိုးဘိုကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဖြူး မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေရွာဖွံဖြိုးရေးလုပ်ငန်းများဖြစ်သော ကျေးရွာတွင်းလမ်းနှင့် သောက်သုံးရေရရှိရေး ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အိုးဘိုကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ကျပ်သိန်း (၃၃၄.၆၄၈၄) မှ (၁၀၄) သိန်းအား ​ကျေးရွာတွင်း လမ်းအရှည် (၂၆၇၀) ပေ၊ လမ်းအကျယ် (၁၂) ပေ၊ ထု (၆) လက္မ ကျောက်ရောမြေခင်းလမ်းနှင့် ကျေးရွာအိမ်ခြေ (၁၀၀) မှ လူဦးရေ (၅၅၀) ဦးအား အကျိုးပြုစေမည့် ရေသန့်စင်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို မတ်လ ပထမအပတ်အတွင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမူအခြေအနေအား ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများက သတ်မှတ်စံနှုန်းများနှင့် အချိန်မီပြီးစီးရေးစစ်ဆေး၍ ကျေးရွာမြစိမ်းရောင် စီမံကိန်းကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)