မုဒုံ မတ် ၁၄
မွန်ပြည်နယ် မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းဒေသများအတွက် ဆောင်ရွက်လျက်ရှိသည့် ဆိုလာရေတင်စနစ်တပ်ဆင်ခြင်း ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်းသည် ယခုအခါ ရာနှုန်းပြည့်ပြီစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ (၂၀ ဒသမ ၄၁၇) ကျပ်သန်းဖြင့် ICTS (Myanmar) ကုမ္ပဏီမှ 5 Hp AC Surface (Pump + 7.5 kw Inverter+ 9.9 kw) Solar (Rain Gun) with Mobile Trailer ဆိုလာရေတင်စနစ်ကို တာဝန်ယူဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ပြီစီးပြီးဖြစ်သောကြောင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိကာ စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ စိုက်ဧက (၅၀) စိုက်ပျိုးနိုင်ခဲ့သည့်အပြင် အခြားသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် စက်သုံးဆီဖိုးသက်သာပြီး အချိန်မရွေး ရေသွင်းစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရေဖိုး ကုန်ကျစရိတ်လျော့နည်းသည့်အတွက် တောင်သူများ အမြတ်အစွန်းပိုမိုရရှိ၍ အခြားရာသီပေါ်သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)