အလုံ မတ်လ ၁၄
ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား သွေးတိုးနှင့်ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သွေးပေါင်ချိန်တိုင်းတာခြင်း၊ နှလုံးခုန်နှုန်းများ စမ်းသပ်ခြင်း၊ ဆီးချိုရှိမရှိ စစ်ဆေးခြင်းများနှင့် သွေးတိုး၊ ဆီးချိုရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ၊ နေ့စဉ်ဘဝတွင် ပုံမှန်စားသုံးသင့်သည့် ထမင်းတစ်ပန်းကန်၊ သတိပြုဖွယ် အချိုမှုန့်အန္တရာယ်၊ သက်ရှည်ကျန်းမာဖို့ စားသုံးဆီတတ်နိုင်သမျှ လျှော့စားစို့၊ ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများစသည့် ကျန်းမာရေးဗဟုသုတများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဆေးချို၊ သွေးတိုးဝေဒနာရှင် ပြည်သူ (၁၂၂) ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။
ထိုသို့ ဆေးချို၊ သွေးတိုးဝေဒနာရှင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)