ချောင်းဆုံ မတ် ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့ နံနက် (၉း၃၀) နာရီက (ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း၊ ကတ္တရာလမ်းသစ်) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မွန်တိုင်းရင်းသူလေးများမှ မွန်ရိုးရာအကဖြင့် ဧည့်ခံဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ကျေးရွာပေါင်း (၁၉) ရွာတွင် နေထိုင်သည့် လူဦးရေ (၅) သောင်းကျော်တို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် နေ့စဉ်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ရန်အတွက် ဆရာတော်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်း၍ (ရွာလွတ်-ကတောင်စိန်တောင်ဖြတ်လမ်း-ကတ္တရာလမ်း) အား ဖောက်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူမှ လမ်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (ရွာလွတ်-ကတောင်စိန်တောင်ဖြတ်လမ်း -ကတ္တရာလမ်း) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲကြပြီး လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ (ရွာလွတ်-ကတောင်စိန်တောင်ဖြတ်လမ်း အရှည် (၂) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် (၄၅၃.၄၀၀) သန်းဖြင့် Nove-9 Engineering မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)