ပုဗ္ဗသီရိ မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်နှင့် တာဝန်ရှိသူတို့က နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ နွေသီးနှံ၊ နွေနှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဘောင်ကြီးတင်စနစ်ကို အဓိက အသုံးချပြီး ထယ်ကြောင်းခွဲရာတွင် စနစ်တကျ ပြုလုပ်ခြင်းဖြင့် ရေကို အလွယ်တကူ ထိန်းထားနိုင်ပြီး အလွယ်တကူ ပြန်ထုတ်နိုင်ကြောင်း၊ ဘောင်ကြီးတင်စနစ်ဖြင့် တောင်သူများ သီးနှံတစ်ပြိုင်တည်း စိုက်ပျိုးခြင်းဖြင့် ရေကိုစနစ်တကျ ခွဲဝေသုံးစွဲနိုင်ပါကြောင်း၊ နှမ်းသီးနှံ၏ ပန်းတိုင်အထွက်နှုန်းဖြစ်သော တင်း(၂၀) ထွက်ရှိစေရန်၊ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားကြရန်၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် စက်ကိရိယာများကို တွင်ကျယ်စွာ အသုံးချ၍ တောင်သူများအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆည်မြောင်းဦးစီးဌာနအနေဖြင့် တောင်သူများ ရေလိုအပ်ချိန်တွင် တစ်ပြိုင်နက်တည်း ရေပေးဝေနိုင်ရေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအတွက် လိုအပ်သော နည်းပညာနှင့် မျိုးလိုအပ်ချက်များကို တောင်သူများအတွက် အချိန်မီဆောင်ရွက်ပေးစေလိုကြောင်း၊ တောင်သူများအနေဖြင့် မကွေး(၁/၁၃)မျိုးနှင့် ဆင်းရတနာလေးမျိုးကို နှိုင်းယှဉ်စိုက်ပျိုးပြီး မြို့နယ်အချင်းချင်း ယှဉ်ပြိုင်စေလိုကြောင်း နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ စက်မှုလယ်ယာတိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဇေယျာထွန်း၊ ဆည်မြောင်းနှင့်ရေအသုံးမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူ (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)