တာလေ မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ် ကျေးရွာခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုး၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးကျော်စွာဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်တို့က မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ လိုက်နာဆောင်ရွက်သွားရမည့် အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာလေမြို့နှင့် ကျိုင်းလပ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူစုစုပေါင်း (၄၇၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)