လသာ မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် (၁) နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် “အမိမြေသစ္စာ”သတင်းစုံဂျာနယ်အယ်ဒီတာချုပ် ဆရာ ဦးသူရဇော်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ တင့်တယ်ခင်က မုဒိတာစကား ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာဇင်ယော် (ရင်ခွင်နန်းတော်)က ၄င်းရေးသားသည့် “စကားလုံးမဲ့သံစဥ်များ” ရသဝတ္ထုအား ဖတ်ကြားခဲ့သည်။ ယင်းနောက်တက်ရောက်လာကြသည့် စာရေးဆရာ၊ ဆရာမများ စာပေချစ်မြတ်နိုးသူများက ရသဝတ္ထုပါ ဇာတ်ကောင်များ၏ စကားလုံးအသုံးအနှုန်း အသက်ဝင်မှု၊ အကြောင်းအရာများ ဆက်စပ်မှုလိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) စာဖတ်ဝိုင်းအား လစဥ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ဆက်)