မိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မိုင်းတုံ မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ ၃၀ အချိန်က သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်‌/ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ရပ်ကျေးစာရေးများပူးပေါင်းကာ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းတုံခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်ခေါ်ယူရှင်းလင်းခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွဋ်က လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုလုပ်ရပ်များအပေါ် ပြည်သူနှင့်ဆက်နွယ်ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မေးမြန်းဆွေးနွေးရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)