မှော်ဘီမြို့နယ်၌ အလုပ်ခွင်အတွင်း ထိခိုက်မှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းထုတ်ပေး

မှော်ဘီ မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မှော်ဘီမြို့နယ်ရှိ စုယုအိ အထည်ချုပ်စက်ရုံနှင့် (Kido Yangon Co.,Ltd.) စက်ရုံတို့မှ အာမခံအလုပ်သမား(၂)ဦးအတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဘားလမ်းရှိတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် ၊လူမှုဖူလုံရေး ဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော စုယုအိ အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဦးနိုင်ဇင်မိုး ၏ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် (၄၂၄၈၀၀၀) ကို ဇနီးဖြစ်သူ ဒေါ်ဝင်းပပလှိုင် ထံသို့လည်းကောင်း (Kido Yangon Co.,Ltd) မှ အာမခံအလုပ်သမား ဦးနေလွင်ထွဋ်၏ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်း ခွင့်ပြုငွေ ကျပ် ၆၀၅၈၇၅၁/၁၆ ကို ဦးနေလွင်ထွဋ် ထံထုတ်ပေးခဲ့ကြောင်း သိရသည်။