နမ့်စန်(တ) မတ် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က အပူဒဏ်အန္တရာယ်ကြီးမားပုံ၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများနှင့် အရေးပေါ်ရှေးဦးပြုစုခြင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)