ပြင်ဦးလွင်မြို့၊ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့ သာသနာ့အောင်မြေကျောင်းစာသင်တိုက်သို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပြင်ဦးလွင် မတ် ၁၃

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်ချက်အရ တိုင်းဒေသကြီးကုသရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီက ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာရှိ သာသနာ့အောင်မြေကျောင်းတိုက် စာသင်တိုက်သို့ သွားရောက်၍ သံဃာတော်များနှင့် ဝေယျာဝစ္စအဖွဲ့ဝင်အား ကျန်းမာရေးစောင့်ရှောက်မှုများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသောအချက်နှင့်အညီ ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် “ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်စေရေး" အတွက် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများမှ နယ်လှည့်ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများ အား အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်မှုတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာရှိ သာသနာ့အောင်မြေကျောင်းစာသင်တိုက်မှ စာချ၊ စာသင်သံဃာတော် (၂၃၅) ပါးအနက် သံဃာတော် (၁၈၂) ပါးနှင့် ဝေယျာဝစ္စအဖွဲ့ (၁၀) ဦးတို့အား အထွေထွေသမားတော်၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ မျက်မှန်အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ မျက်မှန်ကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင်၊ အကြောအဆစ်ကျွမ်းကျင်နှင့် ဆေးဝါးကျွမ်းကျင်အဖွဲတို့မှ စမ်းသပ်ကုသပေးခဲ့ပြီး မျက်မှန် (၃၉) လက်နှင့် ဆေးဝါးများ အခမဲ့လှူဒါန်းခဲ့ပြီး သံဃာ(၁)ပါးအား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ခွဲစိတ်ကုသရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောင်းတိုင်းရှိ ဆရာတော်၊ သံဃာတော်များအား တစ်နေ့တာ အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှပေးဝေကာ နာယကဆရာတော်ဘဒ္ဒန္တဩဘာသ (သာသနပါလဓမ္မာစရိယ၊ သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ၏ဩဝါဒအား နာယူခဲ့ကြောင်း ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ ဆံ့  ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သင်းသင်းအိ၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)