ထန်းတပင်၌ မီးဘေးအန္တရာယ် ကင်းဝေးရေး မီးသတ်ကားဖြင့် လှည့်လည်အသိပေးနှိုးဆော်

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်နေ ပြည်သူများအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို  ယမန်နေ့ ညပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်လမ်းများ တလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို မီးသတ်ယာဉ် ဖြင့် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခြင်းဖြစ်ပြီး မီးသတ်ကားဖြင့် လှည့်လည်ကာ အသိ ပညာပေးနှိုးဆော်မှုများကို အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးမင်းအောင်မှ ရှင်းပြသည်။    
ထို့သို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအုန်းဝင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်းဆေးလိပ် သောက်သုံးခြင်းမပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထား ရှိရန်နှင့် အမှိုက်များ မီးရှို့လိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ရန်တို့ကို မြို့ပေါ်ရပ်ကွက်လမ်းများတလျှောက် မီးသတ်ကားဖြင့် လှည့်လည်ကာအသိပညာပေး နှိုးဆော်ခြင်း ကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။        
ဇင်မင်းထိုက်(ထန်းတပင်)